ပွင့်ဖြူမြို့နယ် ကနီကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က ပြည်သူ့စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းသည် ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် လုပ်ငန်း အခက်အခဲများအား သက်ဆိုင်ရာ ဌာနများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြရန် အတွက် ဆောင်ရွက် ခြင်းဖြစ်ပြီး မိမိတို့ကျေးရွာ၏ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို အပြုသဘောဆောင်၍ တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public talk) အား ကျင်းပရာ ဦးဆောင်ပါဝင် ဆွေးနွေးကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ၊  မြို့နယ်အခြေခံပညာဦးစီးဌာန ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန တို့မှ တာဝန်ရှိသူများက ဌာနအလိုက် ပြည်သူ့အကျိုးပြု လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ချပြရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက ကျောင်းသားအမည်စာရင်းနှင့် ကျောင်းသား မိဘ အမည်စာရင်း ကွဲလွဲနေမှု ပြင်ဆင်ရန်ကိစ္စရပ်များ ၊ နွေနှမ်းစိုက်ပျိုးမည့် တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေး မဲဇလီဆည်ရေ ပေးဝေးမည့်ကိစ္စရပ်များ၊ လိုအပ်ချက်အခက်အခဲများ၊ ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ယာဉ်လိုင်စင်ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ ၊ အစာအဆိပ်သင့်မည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို တင်ပြဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ 

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့် အညီ အများပြည်သူနှင့် အစိုးရ တာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်း ကိစ္စများကို ဆွေးနွေး ပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)