ငဖဲ ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပေကုန်းကျေးရွာ သုမင်္ဂလာရာမကန်လယ်မင်းကျောင်းတိုက် ဆရာတော် ဦးခမာဝုဓက အမှာစကားမိန့်ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်နှင့်စာပေဖတ်ရှုရေးခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတရှိဖို့ တိုးပွားဖို့အတွက် ကျောင်းစာသာမက သုတရသစာအုပ် စာပေတွေကိုလည်း လေ့လာဖတ်ရှုဖို့ လိုအပ်ပြီး စာပေကရရှိသည့် အသိတရားဖြင့် မိမိဘဝ တိုးတက်မြင့်မားအောင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နည်းလမ်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်လာကြစေရန်အတွက် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အစဉ်ကြိုးစားဆောင်ရွက်သွားကြရန်တို့ကို ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအား (၁၂၆) ဦးအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)