လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club  အဖွဲ့ဝင်များနှင့် ပူးပေါင်း၍    စာဖတ်ဝိုင်းပြုလုပ်

လိပ်သို   ဧပြီ  ၅     

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒီပံလင်း ရေးသားသော “နောက်ဆုံးကျန်သောရေတစ်စက်” စာအုပ်ဖြင့် ယနေ့နံနက်  ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆ များကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ဒီပံလင်း  ရေးသားသည့် “နောက်ဆုံးကျန်သောရေတစ်စက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆက်လက်ပြုလုပ်ရာ Book Club အဖွဲ့ဝင် စောမင်းသန့်နိုင်က “လွင့်မျောနေသောမြေကမ္ဘာ” ခေါင်းစဉ်မှ  ကမ္ဘာပေါ်၌ ရေကိုနည်းအမျိုးမျိုးဖြင့် အသုံးပြု နေကြကြောင်း၊ စက်မှုလုပ်ငန်းများဖြစ်သော ဆေးဝါး၊ ဓာတုပစ္စည်းထုတ်စက်ရုံများ၊ ဓာတ်သတ္တုမိုင်းတွင်းများ၊ သံမဏိစက်ရုံနှင့် စက္ကူစက်များမှ မြစ်ချောင်း၊ တူးမြောင်းများ အတွင်းသို့ တိုက်ရိုက်စွန့်ထုတ်ပစ်သော ရေဆိုးများကြောင့် ရေထုပမာဏမှာ တစ်နေ့တခြား ပို၍ညစ်ညမ်းလာကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကလေးသူငယ်များသေဆုံးမှု၏ (၈၀) ရာခိုင် နှုန်းမှာ သောက်သုံးရေမှကူးစက်သော ရောဂါများကြောင့်ဖြစ်ကြောင်း၊ ရေကို မဖြုန်းတီးမိ အောင် သတိထားချွေတာသုံးစွဲသင့်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာသူ Book Club အဖွဲ့ဝင်များက  ဖတ်ကြား ဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်းအပြန်အလှန် မျှဝေဖလှယ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)