ကျိန္တလီ ဧပြီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက် အောင်မြင်ရေး၊ စာကြည့်တိုက်လုပ်ငန်း ကျွမ်းကျင်မှုရှိရေးအကြောင်းအရာများကို ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးထက်မြက်သူက စာကြည့်တိုက်မှူး၏ အရည်အချင်းများကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက စာကြည့်တိုက်ဝန်ထမ်းများ ထားရှိရမည့်ခံယူချက်၊ ယုံကြည်ချက်နှင့် ဆောင်ရွက်ချက် အကြောင်းအရာများအား လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက စာကြည့်တိုက် ဥပဒေနှင့်နည်းဥပဒေဆိုင်ရာ သိသင့်သည့်အချက်များအား လည်းကောင်း ဖတ်ကြားခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျိန္တလီမြို့ရုံးအနေဖြင့် နိုင်ငံဝန်ထမ်းများသိရှိ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ပြဌာန်းထားသည့်စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို လစဉ် တစ်လလျှင်(၂)ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
ကျိန္တလီ(ပြန်/ဆက်)