တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာ 4 Skills သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်တွင်းကြီး ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာ 4 Skills သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အပံ့ဖြစ်စေရန် ပညာဒါနသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် မိမိတို့အချိန်ပေးတက်ရောက်သင်ယူခဲ့သည့် ပညာရပ်များကို အမြဲလေ့လာနေရန်လိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာများအား မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ဂါရဝပြုလက်ဆောင်များပေးအပ်ခဲ့ပြီး "ခါနွေဆန်းစ တပေါင်းလ" ပန်းချီပြိုင်ပွဲ၊ "ခါသင်္ကြန်ပွဲတော် တူနွှဲပျော်" ပန်းချီပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားအပြီးတွင် သင်တန်းသား၊ သင်တန်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။

နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်ရှည်ကာလများတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပညာဒါနသင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ အင်္ဂလိပ်စာ 4 Skills သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းများကို မတ်လ (၇) ရက်နေ့မှ ဧပြီ(၁၀) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)