ကျောက်တံခါးမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် စပါးကောက်လှိုင်းများ ရေမျော ပျက်စီးခြင်းနှင့် ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပျက်စီး

ကျောက်တံခါး နိုဝင်ဘာ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ရိတ်သိမ်းခြွေလှေ့ပြီး စပါးများမိုးမိခြင်း၊ စပါးကောက်လှိုင်းများ ရေမျောပျက်စီးခဲ့ပြီး ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ဗောဓိကွင်းကျေးရွာအုပ်စု စဉ့်အိုးလှ ကျေးရွာမှ တောင်သူလုပ်ကိုင်သူ ဦးရဲလွင်က "နိုဝင်ဘာလဆန်းပိုင်း အတွင်းမှာ နေ့ညအဆက်မပြတ် မိုးရွာသွန်းမှုကြောင့်၊ အနိမ့်ပိုင်းရပ်ကွက် ကျေးရွာများနှင့် လယ် ကွက်များတွင် ရေများဝင်ရောက်လာခဲ့ပြီး ရိတ်သိမ်းပြီး စပါးများမိုးမိခြင်း၊ စပါးကောက်လှိုင်းတွေ ရေမျောခြင်းများ ဖြစ်ခြင်းကြောင့် ရသလောက်ပြန်ဆယ်ယူပြီး ရေလွတ်ရာကို ရွေ့ပြောင်းသယ်ယူခဲ့ကြပါ တယ်။ တစ်ချို့လယ်ကွက်များမှာ သက်ကြီး စပါးမျိုးများဖြစ်၍ ရိတ်သိမ်း၍မရသေးခြင်း၊ သက်ငယ်စပါးများကို ရိတ်သိမ်းနေခြင်းနှင့် အခုလို နေ့ညမပြတ် မိုးရွာသွန်းမှုကြောင့် တောင်သူတွေ အနေနဲ့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများကလည်း ယခုမှ စတင်စိုက်ပျိုးထားခြင်းဖြစ်ကာ အပင်မကြီးထွားခင်မှာဘဲ စိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့ရကြောင်း" ပြောကြားသည်။

ကျောက်တံခါးမြို့နယ်တွင် တောင်သူတွေများအနေဖြင့် မိုးစပါးနှင့် ဆောင်းသီးနှံ မတ်ပဲနှင့် ပဲတီစိမ်း၊ ပဲတီရွှေဝါများကို အဓိကထားစိုက်ပျိုးကြပြီး တစ်မြို့နယ်လုံးတွင် တောင်သူလုပ်ကိုင်သူပေါင်း (၁၈၀၀၀) ကျော်ရှိပြီး၊ စိုက်ဧက ပေါင်း (၁၄၀၀၀၀)ကျော်ရှိကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)