မကွေး ဖေဖော်ဝါရီ ၂၄
အာဆီယံ - ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူးတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးခရိုင်ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့် အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က မျိုးဆက်သစ်လူငယ်တွေဖြစ်တဲ့ ကျောင်းသား/ကျောင်းသူ၊ ကလေး လူငယ်တွေကို စာဖတ်တဲ့ အလေ့အထရရှိစေဖို့ ပြုစုပျိုးထောင်ပေးတဲ့ အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ ပူးပေါင်းပြီး အတူတူစာဖတ်ကြစို့ ပူးတွဲစီမံကိန်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အာဆီယံနိုင်ငံတွေနဲ့ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားစာကြည့်တိုက်တွေက အကြီးအကဲ တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စီမံကိန်းခေါင်းစဉ်ကတော့ အားလုံးအတူ စာဖတ်စို့ လှုပ်ရှားမှု -စာဖတ်ပြပါ ပဲဖြစ်ကြောင်း၊ ဒီပူးတွဲစီမံကိန်းအရ စာဖတ်ပြပါ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ကျင်းပသွားဖို့စီစဉ်ထားကြောင်း၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအတွင်းက ကျောင်းစာကြည့်တိုက်တွေ၊ ပြည်သူ့စာကြည့်တိုက်တွေ၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်က စာကြည့်တိုက်မှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွာမှာဖြစ်ကြောင်း အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်မှ)စာကြည့်တိုက်မှူးများဖြစ်သည့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဆွေဆွေဝင်းက စာဖတ်ရာတွင် လိုက်နာရမည့်နည်းလမ်းနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို လည်းကောင်း၊ အသက်အရွယ်အလိုက် ဖတ်ပြသင့်သည့် စာအုပ်ရွေးချယ်နည်းကို စာကြည့်တိုက်လက်ထောက် (၂)ဒေါ်ရတနာဦးက လည်းကောင်း၊ စာဖတ်နည်းကို ဦးခိုင်မင်းစိုး စာကြည့်တိုက်လက်ထောက် ၃ ကလည်းကောင်း ရှင်းလင်းပြောကြား ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၄ရက်နေ့မှ ဖေဖော်ဝါရီ ၂၆ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ အခြေခံပညာဦးစီးဌာနအောက်မှ ကျောင်းစာ ကြည့်တိုက် တာဝန်ခံဆရာ/ဆရာမများ၊ တက္ကသိုလ်/ကောလိပ်များမှ ဆရာကြီး/ဆရာမကြီးများ၊ တိုင်းဒေသကြီးပြန်/ဆက်ဦးစီးဌာန ခရိုင်(၅)ခရိုင်မှ စာကြည့်တိုက်မှူးများနှင့် ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ စုစုပေါင်း(၃၃)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)