ကျိုက်လတ် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရွေးကောက်ပွဲနေ့တွင် မဲရုံးသို့လာရောက်ကြမည့် မဲဆန္ဒရှင်ပြည်သူများ လိုက်နာရမည့် စည်းကမ်းများကို ယနေ့မနက် (၉) နာရီ က မြို့တွင်းသို့ လှည့်လည်ကြေညာခဲ့ကြသည်။
အဆိုပါကြေငြာချက်များတွင် မဲရုံးသို့လာသူအားလုံးသည် မဲဆွယ်စည်းရုံးရာရောက်မည့် ဝတ်စား ဆင်ယင်မှုနှင့် အသုံးအဆောင် ပစ္စည်းများ ဝတ်ဆင်သုံးစွဲခွင့် မပြုရန်၊ မဲရုံအတွင်းတွင် မည်သည့် ကင်မရာနှင့်မျှ ရိုက်ကူးခြင်း၊ အသံသွင်းခြင်း မပြုလုပ်ရန်၊ မဲပေးခွင့်ရှိ၍ လာသူ တစ်ဦးဦးကို မဲပေးနိုင်ရန် နှောက်ယှက်ခြင်း၊ နှောက်ယှက်ရန်အားပေးခြင်း မပြုလုပ်ရန်၊ မဲရုံ အတွင်းဖြစ်စေ မဲရုံမှ ကိုက်(၅၀၀) အတွင်း ဖြစ်စေ မဲဆွယ်ခြင်း၊ မဲပေးရန် (သို့) မဲမပေးရန် တောင်းဆို တိုက်တွန်းခြင်း မပြုလုပ်ရန်၊ မဲပေးရန် လာသူများကို စိတ်ငြိုငြင်စေရန်(သို့) မဲရုံမှူးနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်နေသူများကို မည်သည့် နည်းနှင့်မျှ အနှောက်အယှက်မပေးရန်၊ အပြစ်တစ်စုံတစ်ရာကြောင့် မဲရုံမှ ဖယ်ရှားခံရပြီးဖြစ်သူသည် မဲရုံသို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခြင်း မပြုလုပ်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်းတန်းခြင်းမပြုလုပ်ရန် စသည့်အချက်များပါဝင်ပြီး နိုဝင်ဘာလ (၇) ရက်နှင့် (၈) ရက်နေ့များတွင်လည်း မြို့တွင်းသို့ လှည့်လည်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)