မကွေး နိုဝင်ဘာ ၆
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေး မြို့နယ်၊တည်ပင်ကန်ပေါက်ကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာ ကျေးရွာမီးလင်းရေး အောင်ပွဲ ကို နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အဆိုပါကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာမီးလင်းရေးအောင်ပွဲများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ချိုလတ်၊တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မကွေး ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ တည်ပင်ကန် ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုဌေး၊ဇီးကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်၊မကြီးကန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်လဲ့လဲ့နိုင်၊ မီးလင်းရေးကော်မတီ ဥက္ကဌများဖြစ်ကြသော တည်ပင်ကန် ပေါက်ကျေးရွာ ဦးဝင်းဆွေ၊ ရွှေကျင်ကျေးရွာ ဦးစိုးမိုးအောင်၊ ပုထိုးစမ်းကျေးရွာ ဦးမောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ မီးလင်းရေးအောင်ပွဲ အခမ်းအနားများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊တိုင်းဒေသကြီး အမှတ် (၁)မဲဆန္ဒနယ် ဦးကျော်ဌေးတို့က အမှာစကား အသီးသီးပြောကြားပြီး၊ မကွေးခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်နှင့် မကွေးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်တို့က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
တည်ပင်ကန်ပေါက်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၈၃၀၀)ပေ ၊ရွှေကျင်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း (၃၉၀၀)ပေ နှင့် ပုထိုးစမ်းကျေးရွာ မီးလင်းရေးအတွက်လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၄၅၀၀)ပေကို ကျေးရွာနေ ပြည်သူ လူထုထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ပြီး၊ တည်ပင်ကန်ပေါက်ကျေးရွာအတွက်(၁၁)ကေဗွီ ဓာတ်အားလိုင်း(၁.၂၉)မိုင်နှင့်(၁၁/ဝ.၄)ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ(၂)လုံး၊ရွှေကျင်ကျေးရွာအတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း (၁.၈၀)မိုင်နှင့် (၁၁/ဝ.၄) ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံး၊ပုထိုးစမ်းကျေးရွာအတွက် (၁၁) ကေဗွီ လိုင်း(ဝ.၉)မိုင်နှင့်(၁၁/ဝ.၄)ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း(NEP)အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး တည်ပင်ကန်ပေါက် ကျေးရွာရှိ အိမ်ခြေ(၃၃၆)ကျော်၊ ရွှေကျင်ကျေးရွာရှိ အိမ်ခြေ(၁၃၀)နှင့် ပုထိုးစမ်း ကျေးရွာရှိ အိမ်ခြေ (၁၄၅)အိမ်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် ထံက သိရသည်။
သန်းနိုင်ဦး(ငဖဲ)