ဝေါ နိုဝင်ဘာ ၆
ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် ဝေါမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလှိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးလှသိန်းနှင့်အဖွဲ့ဝင်များကသပြေကန်ကျေးရွာ၊ ကမ်းကြီးဆိပ်ကျေးရွာ၊ မှုံကတုံးကျေးရွာ၊ ညောင်ခါးရှည်ကျေးရွာ၊အောက်ပန်းညိုကျေးရွာ၊ အထက်ပန်းညို ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ပြည်သူများ မဲပေးရာ၌ ကိုဗစ်−၁၉ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံအခင်း အကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်း ကြည့်ရှုခဲ့ပြီး မဲရုံတွင်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၈)အုပ်စုရှိပြီး မဲရုံ(၁၁၆) ရုံ၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ( ၁၅၁၀၅၀)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)