မိတ္ထီလာခရိုင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေး

မိတ္ထီလာ နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူ ခြောက်သောင်းကျော် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ချမှတ် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ မူဝါဒများကို ဆောင်ရွက်လျက်သည်။ ထိုသို့ဆောင်ရွက် ရာတွင် ရွေးကောက်ပွဲကာလ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးခြင်း လုပ်ငန်းများအား အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များက မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များ၏ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးကြသလို ကျန်းမာရေး ကောင်းမွန်မှု မရှိသူများအား သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုင်ငံရေးပါတီများ၏ စောင့်ကြည့် ကိုယ်စားလှယ်များနှင့်အတူ သွားရောက်၍ တစ်အိမ်တက်ဆင်း ကြိုတင်ဆန္ဒမဲ ကောက်ယူခဲ့သည်။ မိတ္ထီလာခရိုင်အတွင်း၌ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှစ်နှင့် အထက် သာမက Quatrine Centerတွင် ရောက်ရှိသူများနှင့်  နိုဝင်ဘာလ ၈ ရက်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့်သူများလည်း ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ မိတ္ထီလာခရိုင်တွင် ကြိုတင် ဆန္ဒမဲပေးသူ ၆၁၉၇၂ ဦးရှိရာ  မိတ္ထီလာမြို့နယ်တွင် ၂၁၄၉၉ ဦး ၊ မလှိုင်မြို့နယ်တွင် ၁၀၆၆၄ ဦး ၊ သာစည်မြို့နယ်တွင် ၁၉၈၂၈ ဦးနှင့် ဝမ်းတွင်းမြို့နယ်တွင် ၉၉၈၁ ဦးရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင်၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၃၂၂၄၂ ဦးရှိပြီး အဆိုပါမဲဆန္ဒရှင်များတွင် မသန်စွမ်းမဲဆန္ဒရှင် ၂၂၇၅ ဦးနှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၁၆၄ ဦး ပါဝင်ကြောင်း သိရသည်။  ဆက်လက်၍ မိတ္ထီလာခရိုင်တွင် မဲရုံ ၁၀၆၈ ရုံရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ (၇)ခုမှ ကိုယ်စားလှယ် လောင်း (၅၈) ဦးရှိကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းထိုက်က ပြောပြ၍သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)