ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ကျောက်တန်း နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြမည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မဲရုံများအား မီးဘေး အန္တရာယ် လုံခြုံရေးအတွက် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မဲရုံများအား မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ် ဦးစီးမှူး ဦးကျော်သူရမျိုး ဦးဆောင်သည့်အဖွဲ့နှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇင်မင်းထွန်း ဦးဆောင်သည့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ် မကျရောက်စေရေး မဲရုံအနီးပတ်ဝန်းကျင်ရှိ အဆောက်အဦများ၏ မီးသုံးစွဲမှုအခြေအနေ၊ မဲရုံများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေး ဘူများ စနစ်တကျ ထားရှိမှုအခြေအနေ၊ မတော်တဆဖြစ်တတ်သည့် မီးဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်မီ ငြှိမ်းသတ်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေ၊ အရေးပေါ်အခြေအနေတွင် ရေအလုံအလောက် ရရှိစေရေးဆောင်ရွက် ထားမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ မဲရုံမှူးနှင့် အဖွဲ့ဝင်များအား မဲရုံတွင် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူး အသုံးပြုနည်း မီးငြှိမ်းသတ်ပုံအဆင့်ဆင့်နှင့် အရေးပေါ်ဆက်သွယ်ရမည့် နည်းလမ်း များအား အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၈)အုပ်စု၊ မဲရုံပေါင်း(၁၉၂ ) ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ မဲရုံအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေးနှင့် လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက် နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အဓိကထားလေ့ကျင့် ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းထံမှ သိရ သည်။
ခင်ဆွေဝင်း  (ကျောက်တန်း)