စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင်(ADSP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူ ပညာပေးကွင်းသရုပ်ပြပွဲကျင်းပ

ယင်းမာပင် နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်တွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု စီမံကိန်း (ADSP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူ ပညာပေးကွင်းသရုပ်ပြပွဲကို အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးမျိုးကျော်ဦး၏ စိုက်ကွင်းတွင် ပြုလုပ်ကြောင်း သိရသည်။

မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်းက လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု စီမံကိန်း (ADSP)ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများမှ မျိုးကောင်းမျိုးသန့် ရရှိရေးနှင့်မျိုးသန့်စင်ရေးအတွက်  တောင်သူများနှင့် ဝန်ထမ်းများပူးပေါင်းဆောင်ရွက် နိုင်ရေး  ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများက လက်တွေ့ မျိုးကွဲ နှုတ်ပယ်ခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။

''ဒီနေ့မှာဆိုရင် ယင်းမာပင်မြို့နယ်မှာရှိတဲ့ လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြု စီမံကိန်း (ADSP) ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများမှ မျိုးကောင်း မျိုးသန့်ရရှိ ရေး နှင့်မျိုးသန့်စင်ရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ၊ ကျွန်မတို့ ယင်းမာပင် မြို့နယ်မှာ (ADSP) ဖြင့် စိုက်ပျိုးထားတဲ့ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက ၂၂ ဧက ရှိပါတယ်'' ဟု ယင်းမာပင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်မာချိုကပြောသည်။

အဆိုပါတောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ တာဝန်ခံ ဒေါ်မင်းမင်းသန်း၊ ယင်းမာပင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြတ်မိုးဝင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်မာချို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ နှင့် တောင်သူများ တက်ရောက် ခဲ့ကြောင်းသိရသည်။

စိုးမိုး(ပြန်/ဆက်)