လက်ပံတန်း. နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် ကိုဗစ်-၁၉ရောဂါ ကာကွယ် ၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက်ကစတင်၍ မြို့နယ်ကော်မရှင်အဖွဲ ့ခွဲရုံးမှရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများလက်ဝယ်အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံအလိုက်တာဝန်ကျသူများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် KN 95 Mask ၊Face Shield ၊Surgical Gown ၊ Medical Cap ၊ PPE Level 3 ဝတ်စုံ ၊ Surgical Glovers ၊ Protective Face Mask ၊ Goggles ၊ Boot ၊ Boot Cover ၊ Exam Gloves နှင့် PPE Cover all စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်း များကို မဲရုံအလိုက် ခွဲဝေသတ်မှတ်၍ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ စနစ်တကျဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၅၃) အုပ်စုရှိပြီး၊ မဲရုံပေါင်း(၁၇၆) ရုံတွင် တိုင်းရင်းသား ရေးရာ မဲရုံ (၇၅)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၃၁၆) ဦးဖြင့် အထွေထွေရွေးကောက်ပွဲကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၃၈၄၆၂) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ(၅၀၅၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး