တံတားဦး နိုဝင်ဘာ ၆
၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးကို ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ကို ယနေ့နံနက် (၁၀) နာရီက ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက အဖွဲ့(၆)ဖွဲ့ခွဲကာ မိမိတို့တာဝန်ကျသည့် မဲဆန္ဒနယ်မြေ အလိုက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ပေးအပ်ရာတွင် ဆန္ဒမဲလက်မှတ်များ ပါဝင်သည့် ဆန္ဒမဲစာအုပ် အရေအတွက် ပြည့်၊ မပြည့် စိစစ်ဆောင်ရွက်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အသီးသီးမှ ကွင်းဆင်းထုတ်ပေးခဲ့ကြောင်းနှင့် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံများ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်း တစ်ပါတည်းပေးအပ်ကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ရပ်/ကွက်ကျေးရွာအုပ်စု (၆၄) အုပ်စုရှိရာ ၂၀၂၀-ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ရပ်/ကွက်ကျေးရွာ အုပ်စု (၃၀)အုပ်စု၌ မဲရုံပေါင်း(၁၀၂)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် ရပ်/ကွက်ကျေးရွာ အုပ်စု(၃၄)အုပ်စု၌ မဲရုံပေါင်း(၁၀၂)ရုံ ၊ မဲရုံစုစုပေါင်း(၂၀၄)ရုံတွင် ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)