ဇီးကုန်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် စာစ်ဌာနများတွင် စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများ၊ လိုက်ပါလာသော မိဘများနှင့် လုပ်သားပြည်သူများကို အသိပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများ ဝေငှပေးခဲ့ပြီး အသံချဲ့စက်ဖြင့် ရောဂါကာကွယ်ရေးအတွက် စနစ်တကျလက်ဆေးခြင်း၊ ရောဂါကို ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်ကြောင်းနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိသူများ ရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်သတင်းပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အလားတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးတွင်လည်း စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်များငှားခြင်း၊ ဖတ်ရှုခြင်း၊ ကလေးစာဖတ်ခန်းသို့ ကလေးငယ်များလာရောက်၍ စာဖတ်ခြင်း၊ ကစားခြင်းနှင့် Wi-Fi သုံးစွဲရန်လာရောက်ကြသူများ အတွက် ရောဂါကြိုတင် ကာကွယ်ရေးအတွက် လက်ဆေးရန်နေရာများ ပြုလုပ်ထားရှိကြောင်း နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှလျက်ရှိကြောင်း သိရသည်။
တင်ဆွေ(ဇီးကုန်း)