ဇီးကုန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ဆန္ဒမဲပေးမှုနှင့် မဲရုံအခြေအနေများအား နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေးအဖွဲ့မှ လာရောက်လေ့လာ

ဇီးကုန်း နိုဝင်ဘာ ၆

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (INTERNATIONAL ELECTION OBSERVERS) မှ နိုင်ငံခြားသူတစ်ဦးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများနှင့် ရွေးကောက်လုပ်ငန်းစဉ်များအား မေးမြန်းလေ့လာခဲ့ပြီး၊ မြို့ပေါ်ရပ်ကွက်ရှိ မဲရုံပြင်ဆင်ထားမှု အခြေအနေများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လာရောက်လေ့လာသည့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (INTERNATIONAL ELECTION OBSERVERS) မှ ဖိလစ်ပိုင်နိုင်ငံသူ Alonso Aiess Athina Escalona သည် စကားပြန် ဦးမောင်နိုင်အောင်နှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ ပြည်သူလူထုအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှု အခြေအနေများအား မေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မိုးဦးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး၊  အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ မဲရုံများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်အတူ သွားရောက်ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)