ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ၊ လှိုင်ရတနာ ပရိယတ္တိစာသင်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်က ရန်ကုန်တိုင်းအတွင်း မိခင်နှင့်ကလေး အမျိုးသမီးရေးရာအဖွဲ့တို့၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမှတ် (၆) လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ရဲမှူးမင်းနိုင်မှ လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်ကလေး အတွင်းရေးမှူး ဒေါ်အေးမာဦးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန Case Manager ဒေါ်တင်တင်စန်းမှ လက်တွေ့ဖြစ်ပေါ်ဆောင်ရွက်ခဲ့ရမှုများ စောင့်ရှောက်ပေးမှူများအား အသိပညာပေး ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် လူကုန်တား အသိပညာပေး လက်ကမ်းစာစောင်များအား တက်ရောက်လာသော ရပ်ကွက်နေပြည်သူ (၁၅၀) ခန့်အားဖြန့်ဝေပေးခဲ့ပြီး လှိုင်မြို့နယ်မိခင်ကလေး ဥက္ကဋ္ဌ ဒေါ်နော်ဂရေ့စ်ဝင်း မှ ဟောပြောသူများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန္တာမေ(ပြန်/ဆက်)