ထန်းတပင်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိသူများက မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၇

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးတို့ အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲရုံများသို့ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ မဲရုံများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ မဲရုံများသို့ သွားရောက်ကာ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့တွင် မဲရုံပေါင်း(၁၁၉)ရုံ ထားရှိသွားမည်ဖြစ်ကာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသား (၆၆၁၈၀)ဦး၊ အမျိုးသမီး (၇၄၅၄၃)ဦး စုစုပေါင်း (၁၄၀၇၂၃)ဦးရှိကြောင်းသိရပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးတို့အတွက် မြို့နယ်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)