ပေါက်မြို့နယ်အတွင်း မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိ

ပေါက်     နိုဝင်ဘာ    ၇

မ​ကွေးတိုင်း​ဒေသကြီး၊ ​ပေါက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ရန် အတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအသီးသီးရှိ တာဝန်ရှိသူများက သတ်မှတ်မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဲရုံများကြိုတင်ပြင်ဆင်ရာတွင် မဲဆန္ဒရှင်များစနစ်တကျ မဲပေးနိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးများ တိုင်းတာထားပေးခြင်း၊ လက်ဆေးရမည့်နေရာ၊ ကိုယ်အပူချိန် တိုင်းတာမည့် နေရာများ သတ်မှတ်ထားရှိခြင်း၊ ဆန္ဒမဲပေးရမည့် အသိပညာပေးပိုစတာများ ပြသထားခြင်း၊ မဲရုံအဝင် အထွက် သတ်မှတ်ထားရှိခြင်း၊ လွှတ်တော်အသီးသီး အတွက် မဲစာရင်း စစ်ဆေးရာနေရာ၊ မဲလက်မှတ်ထုတ်ပေးရာနေရာ၊ လျှို့ဝှတ်ဆန္ဒပြုခန်း၊ မဲလက်မှတ်ထည့်ရမည့် မဲပုံးများစသည့်တို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထား ရှိကြောင်း သိရှိရသည်။

အဆိုပါ မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေး ခဲ့ကြကြောင်းနှင့် ပေါက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၇၅ အုပ်စုကျေးရွာပေါင်း ၂၃၉ ရွာတွင် မဲရုံပေါင်း  ၂၁၃ ရုံရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ဉာဏ်တိုး​(ပေါက်)