ကနီ ဖေဖော်ဝါရီ ၂၄
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ကလာပ်တော်တည်ရှိရာ စံကျောင်းတော်နှင့် လွမ်းစေတီသို့ သွားရောက်ဖူးမြော် ကြမည့် ဘုရားဖူးဧည့်သည်များ သွားလာရေး အဆင်ပြေစေရန် ဆင်(၇၇)ကောင်ဖြင့် အသွား၊ အပြန် ပို့ဆောင်ပေးလျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။
ဘုရားဖူးဧည့်သည်များ သွားလာမှုအဆင်ပြေစေရန် ယာဉ်ရပ်နားစခန်းမှ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာ စံကျောင်းတော်အထိ ဆင်တစ်စီးကို ငွေကျပ် (၈၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ရင်ပြင်တော်မှ အကွာအဝေး(၂)မိုင်ရှိ လွမ်းစေတီအထိ ဆင်တစ်ကောင်လျှင်ငွေကျပ်(၁၆၀၀၀)နှုန်းဖြင့် လည်းကောင်း နေ့စဉ်နံနက်ပိုင်းတွင် နံနက်(၆)နာရီမှ (၁၀)နာရီခွဲအထိလည်းကောင်း၊ ညနေပိုင်းတွင် (၃)နာရီမှ (၆)နာရီခွဲအထိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ပိုင် ဆင်(၃၅)ကောင်နှင့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်(၄၂)ကောင်တို့ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
"ယာဉ်ရပ်နားစခမ်းကနေ ဘုရားရင်ပြင်တော်အထိ တစ်မိုင်သာသာ အကွာအဝေး တောင်တက်ခရီးစဉ်ကို ဆင်တစ်ကောင်ကို လေးယောက်စီးလို့ရတယ်၊ ဆင်ငယ်လေးတွေဆို သုံးယောက်စီးလို့ ရတယ်၊ သိပ်ကြီးလွန်းတဲ့ဆင်တွေကြရင် ပစ္စည်းပါတယ် လူ(၄)ယောက်စီးလို့ရတယ်၊ အသွားတစ်ခေါက်ကို (၈၀၀၀)ကျပ်နှုန်းကောက်ခံတယ်၊ အပြန်ဆိုရင်လည်း (၈၀၀၀)ကျပ်ကောက်ခံပါတယ်၊ လွမ်းစေတီဘက်က (၂)မိုင်အကွာအဝေးရှိတဲ့အတွက် ဆင်စီးခ အနည်းငယ်ပိုမှာဖြစ်ပါတယ်၊ အခုနှစ်ကတော့ ဘုရားဖူးဧည့်သည် အလာနည်းတဲ့အတွက် ဆင်ကောင်ရေ လုံလောက်တယ်လို့ ပြောရမယ်၊ ပြီးခဲ့တဲ့နှစ်တွေက ဘုရားဖူးဧည့်သည် အဝင်အထွက်များတဲ့အတွက် အကြာကြီးစောင့်ကြရတယ်၊ အခုနှစ်ဘုရားဖူး ရာသီမှာတော့ မစောင့်ရဘူး အဆင်ပြေကြပါတယ်၊ ဆင်စီးရင်းလမ်းကြောင်းတစ်လျှောက်က သဘာဝအလှတွေ၊ သစ်တောတွေကို လေ့လာလို့ရတဲ့ အတွေ့အကြုံရရှိကြမှာဖြစ်ပါတယ်" ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောသည်။
အလောင်းတော်ကဿပစံကျောင်းတော်သို့ သွားရောက်နိုင်သည့် ဘုရားဖူးရာသီလမ်းအား ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ဝင်ရောက်လျက်ရှိရာ မော်တော်ယာဉ်ရပ်နားစခန်းမှ အလောင်းတော်ကဿပ စံကျောင်းသို့ အကွာအဝေး တစ်မိုင်သာသာရှိ တောင်တက်ခရီးစဉ်နှင့် ရင်ပြင်တော်မှ နှစ်မိုင်အကွာအဝေးရှိ လွမ်းစေတီဘက်သို့ သက်ကြီးဘိုးဘွားများ၊ အဝလွန်သူများ၊ ကလေးငယ်များနှင့် ဆင်စီးအတွေ့အကြုံအရ စီးလိုချင်သူများအား နေ့စဉ်နံနက်ပိုင်းတစ်ကြိမ်နှင့် ညနေပိုင်းတွင်တစ်ကြိမ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)