ကောလင်း မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူအဆင်ပြေစေရေး (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာကို (၁၈.၄.၂ဝ၁၉) မှစတင်၍ မြင့်မိုရ်သိင်္ခကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဖေထံမှ သိရသည်။
၎င်း(၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဒေါ်ဖြူဖြူဝင်းနှင့် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁ နာရီက ကုက္ကိုကုန်းကျေးရွာတွင် (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်း အိမ်ယာတည်ဆောက်နေမှုကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျွန်တော်တို့ရွာက ကောလင်းမြို့နှင့် မိုင် ၂၀ လောက် ဝေးတော့ မိမိကျေးရွာမှ ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားဖို့ များစွာအခက်အခဲ ဖြစ်ခဲ့ပါတယ်။ ယခုလို (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက် ပေးတော့ ကျွန်တော်တို့ ကုက္ကိုကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေသွားမည်ဟု "ကုက္ကိုကုန်းကျေးရွာနေ ဦးစိုးကျော်ဦးက ပြောပြသည်။
၎င်းကျေးရွာ တိုက်နယ်ဆေးရုံမှာ အလျား (၁၄၁)ပေနှင့် ဝန်ထမ်းအိမ်ရာ အလျား(၁၁၁ပေ၊ ၆လက်မ) သံကူ ကွန်ကရစ်အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေ (၆၁၆.၆)ကျပ်သန်းဖြင့် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)