ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော မေ ၈

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ​မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအားတွေ့ဆုံ၍ မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပိန်းနဲကုန်းကျေးရွာအုပ်စု သိမ်ဖြူကုန်းကျေးရွာရှိ ပညာဗိမာန် စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျေးရွာစာကြည့်တိုက်များအား မြေပြင်၌ အမှန်တကယ်ရှင်သန်စေရန်အတွက် စာကြည့်တိုက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာမှတာဝန်ရှိသူများနှင့် တွေ့ဆုံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာခဲ့သည်။ ဆက်လက်၍ ပညာဗိမာန် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌဦးစိုးခိုင်က စာကြည့်တိုက်အားအဆင့်မြှင့်တင်ရန်အတွက် ထောက်ပံ့မှုများရရှိပါက အမြန်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာဗိမာန်စာကြည့်တိုက်၌ အမှန်တကယ်စာဖတ်သူ၊ စာငှားသူများ နေ့စဥ်လာရောက်ငှားရမ်းကြသဖြင့် လက်ရှိတွင်လည်း ရှင်သန်လျက်ရှိနေပြီး ထောက်ပံမှုများရှိပါက ပိုမိုရှင်သန်ခိုင်မာအောင် ကော်မတီဝင်များနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၏ တင်ပြချက်များ၊ စာကြည့်တိုက်မှူး၏ တင်ပြဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ပြန်လည်​ညှိုနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ပိန်းနဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိုးခိုင်နှင့် ရာအိမ်မှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မိချို (ပြန်/ဆက်)