မုဒုံ ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ပြည်သူလူထု ပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၀-၂၀၂၁) ဒုတိယအကြိမ်ကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး UNDP တာဝန်ခံ ဒေါ်ဆွေဆွေသိန်းက အမှာစကားပြောကြားကာ (ပထမ အကြိမ်) ဆွေးနွေးခဲ့သော ဆွေးနွေးချက်များအား ပြန်လည်သုံးသပ်ခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ ဥက္ကဋ္ဌများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အမျိုးသမီးဆယ်အိမ်မှူးတို့က အုပ်စုဖွဲ့၍ ကဏ္ဍအလိုက် အဓိကပြသနာများနှင့် အဆိုပြု ဗျူဟာများ၊ ရည်မှန်းချက်များ သတ်မှတ်ဖော်ထုတ်ခြင်း၊ ဦးစားပေးကဏ္ဍ သတ်မှတ်ခြင်း၊ အဓိကဖွံ့ဖြိုးရေးဆိုင်ရာ ပြသနာများကို ဖော်ထုတ်ခြင်းနှင့် ယင်းတို့ကို ဖြေရှင်းမည့် လုပ်ငန်းစီမံချက်များကို အဆိုပြု တင်ပြပြီး ထွက်ပေါ်လာသည့် အဆိုပြုစီမံချက်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားချက်များနှင့် သုံးသပ်ချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ (၁၅၀) ဦးခန့် တက်ရောက်ကာ (၂) ရက်ကြာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)