တောင်တွင်းကြီး မေ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် အမျိုးသမီးများသိထားသင့်သည် ဥပဒေအကြောင်းအရာ အသိပညာပေးလှုပ်ရှားမှုအဖြစ် အထင်ကရမှတ်တမ်းဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်ပြပွဲနှင့် အထင်ကရမှတ်တမ်းဓာတ်ပုံပြပွဲပြုလုပ်ရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်၊ စာပေနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီပုထိုးများ၊ ရိုးရာအိုးလုပ်ငန်းများ၊ အထင်ကရမှတ်တမ်းဓာတ်ပုံများ လိုက်လံပြသ၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် အမျိုးသမီးများသိထားသင့်သည့် ဥပဒေအကြောင်းအရာ အသိပညာပေးဟောပြောပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က မည်သူမဆို အမျိုးသမီးတစ်ဦးဦး၏ ကာယိန္ဒြေကိုစော်ကားရန် ကြံရွယ်ပြီး အသံတစ်မျိုးမျိုးဖြင့် ပြုမှုသည်ဖြစ်စေ သို့မဟုတ် ကာယိန္ဒြေပျက်ပြားစေသော အရာဝတ္တုတစ်ခုခုကို လူမြင်ကွင်းတွင် ပြသသည်ဖြစ်စေ သို့မဟုတ် ပြုသောကိုယ်အမှုအရာကိုဖြစ်စေ သို့မဟုတ် ထိုမိန်းမ၏ ကာယိန္ဒြေစော်ကားရန် ကြံရွယ်ပြီး ထိုမိန်းမ၏ စိတ်ကွယ်ရာအရပ်တွင် ကျူးလွန်ခြင်း စသည့် ဥပဒေအကြောင်းအရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများက ကျန်းမာရေးဂရုပြုနေထိုင်ရမည့်အချက်များကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)