(၂၀၂၀) ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး နည်းလမ်းများနှင့်အညီ ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

ကွမ်းခြံကုန်း နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်(၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက်  (၆) နာရီမှစ၍ မြို့ပေါ်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ ဆန္ဒမဲရုံများတွင် ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ  ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံအသီးသီးသို့ ဆန္ဒမဲပေးရန် လာရောက်သော ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကိုယ်ပူချိန် တိုင်းခြင်း၊ လက်သန့်ဆေးရည် အသုံးပြု၍ လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေကွာ နေရာယူ စေပြီး Face Shield နှင့် N 95 mask တစ်ခုစီပေး၍ မဲဆန္ဒရှင်များအား တပ်ဆင်စေပြီးမှ မဲရုံအတွင်း ဝင်ရောက်မဲပေးနိုင်ရန် မဲရုံအဖွဲ့ဝင် များက ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် အသက်ကြီးပိုင်း မဲဆန္ဒရှင်များနှင့် မသန်စွမ်း မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးရာတွင် မဲရုံအဖွဲ့ဝင်များမှ စိတ်အေး  ချမ်းစွာ မဲပေးနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်း မြို့နယ်တွင် မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)စု၊ ကျေးရွာခွဲပေါင်း (၁၃၅)ရွာတွင် မဲရုံပေါင်း (၁၈၀) ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၉၀၀၀) ခန့်ရှိကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)