ခေါဇာမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မဲရုံများသို့ လာရောက်ဆန္ဒမဲပေး

ခေါဇာ      နိုဝင်ဘာ       ၈

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့အတွင်းရှိ မဲရုံအသီးသီးတို့တွင် ယနေ့နံနက်(၆) နာရီ မဲရုံများဖွင့်လှစ်သည့်အချိန်မှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများက တက်ကြွ ပျော်ရွှင်စွာဖြင့် ဆန္ဒမဲများလာရောက်ပေးလျက်ရှိသည်။

မဲရုံအသီးသီးတို့တွင် ပြည်သူများလာရောက်မဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် N-95 Mask များ ဝေငှတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်း၊ Social Distancing အရ ၆ ပေအကွာစီ စနစ်တကျတန်းစီစေခြင်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားပြီး မဲရုံတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက မဲပေးသူများ အဆင်ပြေစေရေး ဆောင်ရွက်ပေးကာ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ကလည်း ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး နေမှုများကို စောင့်ကြည့်လေ့လာခဲ့ကြသည်။

ခေါဇာမြို့တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၆)အုပ်စုတွင်မဲရုံစုစုပေါင်း(၁၆) ရုံရှိပြီး  ဆန္ဒမဲပေးခွင့်ရှိသူ (၂၃၇၉၆)ဦးရှိကြောင်း ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ညီညီချမ်း(ပြန်/ဆက်)