ချောင်းဦး နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမဲရုံအမှတ် ၆ အား ယနေ့နံနက်(၈)နာရီအချိန်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံဦးမြင့်အောင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းလွင်၊ မြို့နယ်ကော်မရှင်ဥက္ကဌ ဦးသန်းကို၊ အတွင်းရေးမှူးနှင့်အဖွဲဝင်များ၊ တာဝန်ရှိသူများ လာရောက်၍ ပြည်သူများ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုခဲ့သည်။
ချောင်းဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နံနက်(၆)နာရီတိတိတွင် တာဝန်ကျသည့် မဲရုံမှူးများမှ မိမိတို့မဲရုံအားဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီးလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် မဲရုံအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ ဆန္ဒမဲလာပေးသူ ပြည်သူများရှေ့တွင် ဆန္ဒမဲပုံးအား ဖွင့်လှစ်ပြသပေးခဲ့သည်။ အများရှေ့တွင် ချိတ်ကြိုးပိတ်ပြီး နောက်ပြည်သူများ ဆန္ဒမဲစတင်ပေးစေရန် စီစဉ်ပေးခဲ့သည်။ ဆန္ဒမဲပေးမည့် ပြည်သူများအတွက် လွတ်လပ်စွာ ဆန္ဒပြုနိုင်ရေး စီစဉ်ထားပြီး မဲရုံအတွက် တာဝန်ယူထားသည့် တာဝန်ကျနေရာများမှမဲပေးမည့် ပြည်သူများ အနှောင့်အယှက် မဖြစ်စေရေး အဆင်ပြေချောမွေ့စွာ မဲပေးနိုင်စေရေးဆောင်ရွက် ပေးနေကြပုံကိုကြည့်ရှုခဲ့သည်။
ဆန္ဒမဲလာပေးသည့် ပြည်သူများအားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များအတိုင်း အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ ထောက်ပံ့ထားသည့် နှာခေါင်းစည်းများ ပေးဝေနေပုံများ တစ်ဦးနှင့်တစ်ဦး ၆ပေခြားဖြင့် ဆန္ဒပြုနိုင်စေရေး အပြင်စည်းမှ တာဝန်ယူထားသည့်ကြီးကြပ်ရေး တာဝန်ကျဌာနဆိုင်ရာများ၊ လုံခြုံရေးအထူးရဲနှင့် ကူညီသူများကလည်း ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့်ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်စေရန် နားနေစရာနေရာများ၊ ထိုင်ခုံများစီစဉ် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုခဲ့သည်။
ချောင်းဦးမြို့နယ်တွင် ဆန္ဒမဲပေးမည့် ပြည်သူစုစုပေါင်း (၈၈၇၃၀)ဦး ရှိပြီးမဲရုံပေါင်း (၈၆)ရုံရှိ ကာယနေ့ နံနက်(၆)နာရီ အချိန်မှ နံနက်(၈)နာရီအချိန်ထိ မဲပေးပြီးသည့် ပြည်သူ(၇၈၄၃)ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)