သုံးခွ နိုင်ဝင်ဘာ ၈
ယနေ့ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နံနက် ၆ နာရီ မဲရုံမဖွင့်မီအချိန်ကပင် မဲပေးရန်အတွက် စိတ်ဝင်တစား လာရောက်ပြီး စနစ်တကျ နံနက်စောစောကြိုတင်၍ အေးချမ်းစွာ လာရောက်တန်းစီစောင့်ဆိုင်းသူများ အထူးများပြားခဲ့သည်။
သုံးခွမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း (၆၄)အုပ်စုရှိရာ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၂၆၀၆၃)ဦးရှိပြီး မြိုနယ်အတွင်း မဲရုံစုစုပေါင်း (၁၇၅) ရှိကြောင်း သိရပြီး မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်၍ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများမှ စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ မဲရုံများအတွင်း ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများမှ အေးချမ်းစွာ ဆန္ဒမဲများပေးခဲ့ ကြကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်