ကျောက်ကြီး မတ် ၁၇
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၏စီမံမှုဖြင့် ဌာနရုံးဝန်ထမ်းများက သုံးဘီးမော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ပြီး ဒေသခံပြည်သူများနှင့် ကလေးများအား ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့် ကလေးများအား စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရန်၊ စာပေဗဟုသုတများကြွယ်ဝစေရန်အတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုကို ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာငှားဝန်ဆောင်မှုပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များဖြင့်မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသ စာအုပ်စောင်များဖတ်ရှုခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန် စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းများမှ သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ စာပေနှင့်နီးစပ်ပြီး စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်(၁၅၀)အုပ်အား ဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)