တောင်ဥက္ကလာပ မေ ၁၇
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန်တို့အတွက်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မေလ ၁၅ နေ့နံနက် (၁၀) နာရီအချိန်က ကလစ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကလစ်ပြုလုပ်နည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ကလစ်ပြုလုပ်မည့်ပစ္စည်းများနှင့် ပြုလုပ်ပုံ ပြုလုပ်နည်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကလစ်ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ သင်တန်းသားများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းသင်ယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပန်းချီရေးဆွဲနည်း (အခြေခံ)သင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အင်ကြင်း(ပြန်/ဆက်)