မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များ စာဖတ်ဝိုင်းပြုလုပ်

မိုးညို မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ ဝါသနာတူ လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာနိုက်ရေးသားသည့် "သမီးနှင့်သားသို့ပေးစာများ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက ယခုလိုစာဖတ်ဝိုင်းမျာပြုလုပ်ပေးသည့်အတွက် စာပေများအားဖတ်ရှုဖြစ်ကြောင်း၊ စာပေများဖတ်ရှုဖြစ်သည့်အတွက် များစွာအကျိုးရှိကြောင်း၊ လူငယ်များအနေဖြင့် စာပေများကိုဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိမည်ဖြစ်ကြောင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးမြင့်စိန်က "သမီးနှင့်သားသို့ပေးစာများ "စာအုပ်မှ" ထူးချွန်ဖို့၊ အောင်မြင်ဖို့၊ ကြီးပွားဖို့" ‌ခေါင်းစဥ်ပါ အကြောင်းအရာများအားလည်း‌ကောင်း၊ (Book Club) အဖွဲ့ဝင် ဦးစံလင်းက "အောင်မြင်မှုကိုတိုင်းတာကြည့်ရမဲ့ပေတံ" ခေါင်းစဉ်ပါ အကြောင်းအရာများအားလည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မောင်ဖြိုးဝေဦးက "လူကြီးဖြစ်ခွင့်" ခေါင်းစဥ်ပါအကြောင်းအရာများအား လည်းကောင်းဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်ကိုဖတ်ရှုခြင်းအားဖြင့် မှန်ကန်တဲ့နည်းလမ်းနဲ့ ဝီရိယကိုအားထုတ်ကြိုးပမ်း ဆောင်ရွက်ပါက အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ အောင်မြင်မှုရရှိတဲ့သူနဲ့ အောင်မြင်မှုမရရှိတဲ့ သူရဲ့အရည်အချင်းကိုခွဲခြားသိမြင်နိုင်ကြောင်း စသည့်ဗဟုသုတများစွာပါဝင်သည့်အတွက် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)