ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိ

ရွှေဘို မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့နေ့လည် ၂နာရီခန့်က ရွှေဘိုခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များ၊ ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာကြောင်း သတင်းအရ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘို-ကျောက်မြောင်း ကားလမ်းမဘေးတွင် စောင့်ဆိုင်းနေစဉ် ရွှေဘိုမြို့၊ မြတောင်ရပ်ကွက်နေ ယာဉ်မောင်း ဦးအောင်နိုင်မင်း မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရာ ကားအတွင်းမှ အင်ခွဲသား(၄၈)ချောင်း (၇.၅၁၀၄)တန် ကာလတန်ဖိုးကျပ်  ၃,၀၄၀,၀၀၀ ခန့် ရှာဖွေတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနမှ တရားမဝင် သစ်ခွဲသားများ သယ်ဆောင်လာသူ ဦးအောင်နိုင်မင်းအား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)