မကွေးတိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းအား တက်ရောက်ဖွင့်လှစ်

အထက်မင်းလှ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက အမှာစကား ပြောကြားပြီး အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က လျှပ်စစ်ကျွမ်းကျင်လုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာ သွယ်တန်းခြင်း သင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ (၂၀) မှ သင်တန်းသား(၄၀)ဦးဖြင့် မတ်လ(၈)ရက်နေ့အထိ (၁၄) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)