လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာလူနေအိမ်များ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်

တောင်ငူ မတ် ၂၀

တောင်ငူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ခေါင်ရမ်း ကျေးရွာအုပ်စု အောင်းကြီးကျေးရွာအတွင်းရှိ လူနေအိမ်များ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူနေအိမ်များ ပြုပြင်ခြင်းနှင့် နေအိမ်ဆောက်လုပ်ရန်အတွက် ငွေကြေး အခက်ခဲရှိသည့် မိသားစုများအတွက် အသစ်တည်ဆောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

" ကျေးရွာအတွင်း အိမ်ခြေ ၈၆ ရှိသည့် အနက် လေဘေးဒဏ်ခံနိုင်မှုအားနည်းသည့် နေအိမ် ၃၅ ခု ကို အဓိကထားကာ လေဒဏ် မိုးဒဏ် ခံနိုင်ရေးအတွက် ဝါးထရံများ  ၊ အင်ဖက်အမိုးများ အသစ် ပြုလုပ်ပေးခြင်း ၊ အမိုးများအပေါ်တွင်ကြပ်နင်းများ အုပ်ပေးခြင်း ၊ သွပ်တင်ဆောက်လုပ်သည့် နေအိမ်များတွင် သွပ်များလေလန်မှုမရှိစေရေးအတွက် ဝါးလုံးများ ဖိညှပ်ပေးခြင်း၊ ထုပ် ၊ ယောက်တန်း နှင့် ဒိုင်းများ တွဲဆက်မှု အားကောင်းစေရေးအတွက် အာလိမ်များ ထည့်ပေးခြင်း ၊ ယိုင်နဲ့သောအိမ်များတွင် ကျင်တွယ်ဒေါက်များဖြင့် ထိန်း၍ ပြန်လည် တည့်မတ်ပေးခြင်း ၊  နေအိမ်ဆောက်လုပ်ရန် ငွေကြေးအခက်အခဲရှိသည့် နွမ်းပါးသည့်  မိသားစု (၅) စု အတွက် သုံးပင်ပတ်လည် နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တောင်ငူခရိုင် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးအာကာကိုကို ထံမှ သိရသည်။

အဆိုပါ နေရာသို့ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် အုတ်တွင်းမြို့နယ် အတွင်းရှိ လူမှုပရဟိတအဖွဲ့များက ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)