လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် (CDN) နိုင်ငံတကာ ခရစ်ယာန်လူမှုရေးအသင်းမှ ကိုယ့်အားကိုယ်ကိုးသော လူမှု၀န်းကျင် မြှင့်တင်ခြင်းစီမံကိန်း ဆွေးနွေးပွဲ ပြုလုပ်

လိပ်သို  နို၀င်ဘာ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့  သစ်ခေါင်းကျေးရွာတွင် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန၏ ပူးပေါင်းမှုဖြင့်  (CDN) နယ်သာလန်အခြေစိုက်  နိုင်ငံတကာ ခရစ်ယာန်လူမှုရေးအသင်းမှ ကိုယ့်အားကိုယ်ကိုး လူမှု၀န်းကျင်မြှင့်တင်ခြင်း စီမံကိန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သစ်ခေါင်းကျေးရွာမှ ဒေါ်လေ့လေဖောက အဖွင့်မေတ္တာဖြင့်  ဆုတောင်းဖွင့်လှစ်ပေးခဲ့ပြီး  (KMSS) ဂရုဏာ တောင်ငူလူမှုရေးအသင်းမှ  ရပ်ရွာစည်းရုံး လှုံ့ဆော်ရေးအရာရှိ ဦးအောင်မြင့်လွင်က ဆောင်ရွက်သွားမည့် စီမံကိန်းအကြောင်းကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍(CDN) နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်းမှ အသက်မွေး၀မ်းကျောင်းနှင့် ငွေစုငွေချေး နည်းပြအရာရှိ ဆရာမ ဒေါ်တင့်တင့်မွန်က တစ်ပိုင်တစ်နိုင် ၀က်မွေးမြူခြင်းဖြင့်  မိသားစု၀င်ငွေတိုးစေရန် ၊ စီမံကိန်းတွင် ပါ၀င်သည့် ကျေးရွာများတွင် လိုအပ်သည့် မွေးမြူရေးဆိုင်ရာ အထောက်အကူပြု  ပစ္စည်းများကို ပေးအပ်သွားမည့်အကြောင်း စသည့်  စီမံကိန်း ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

(CDN) နိုင်ငံတကာ ခရစ်ယာန်လူမှုရေးအသင်းသည် မိသားစု၀င်ငွေတိုးစေမည့် တစ်ပိုင်တစ်နိုင် ၀က်မွေးမြူနိုင်ရန် သစ်ခေါင်းကျေးရွာအတွက် ၀က်မ (၅) ကောင် နှင့် ၀က် အထီး (၁) ကောင် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး  တစ်ကောင်စာအတွက် ၀က်စာအိတ် (၄) အိတ်၊ ၀က်၀မ်းကျကာကွယ်ဆေးနှင့် ၀က်သန်ချဆေး ထိုးနှံပေးမည်ဖြစ်ပြီး ၀က်သားပေါက် သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆရာမ ဒေါ်တင့်တင့်မွန် ထံမှ သိရပါ သည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)