မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

သထုံ  ဖေဖော်ဝါရီ  ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းက သင်တန်းဖွင့်လှစ် ပို့ချပေးခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သထုံမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းစီအား တာဝန်ရှိသူတို့က ကျေးရွာအလိုက် ထောက်ပံ့ပေးအပ်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သထုံမြို့၊ သုဝဏ္ဏခန်းမ၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)