ကျောက်ကြီး နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ညနေ (၅)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ် ထောင်စုဝင်များအား စတုတု္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ် ခဲ့သည်။
ကိုဗစ်−၁၉ ဖြစ်ပွားသည့် ကာလအတွင်း အခြေခံ လူတန်းစားများအား ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် အခြေခံ စားသောက်ကုန် (၅) မျိုးအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိသည့် အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့် ဇူလိုင်လတွင် ထောက်ပံ့ပေးခဲ့သည်။ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် သြဂုတ်လတွင် ပထမအကြိမ် ထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ်ကိုလည်း ဆက်လက် ထောက်ပံ့ပေးခဲ့သည်။ စက်တင်ဘာလတွင် တတိယအကြိမ် ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်ကို နိုဝင်ဘာလတွင်ထောက်ပံ့ ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအား အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း (၉၆၆၆)စုကို ငွေကျပ်(၂၀၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် အိမ်ထောင်စု ဇယားမိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၏ ထပ်ဆင့်ထောက်ခံချက်များဖြင့် စာရင်းကောက်ယူရေးအဖွဲ့များနှင့် အတူ စနစ်တကျ မှန်မှန်ကန်ကန် စိစစ်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမျိုးမင်းလတ်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်