ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေ များအား ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်း စားအိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ပေးအပ်နိုင်ရေး တို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်တို့ကအမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းကထ ောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် ထောက်ပံ့ကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၃,၅၂၂)စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၄ဝ,ဝဝဝ)နှုန်း ဖြင့် ငွေကျပ်စုစုပေါင်း (၁,၇၄ဝ,၈၈ဝ,ဝဝဝ) ကို ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများကို ဆက်လက်၍ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပြီး ခဲ့သည့် ဧပြီလပိုင်းမှစတင်၍ အခြေခံစားသောက်ကုန်ငါးမျိုးကို ပထမအကြိမ်အဖြစ် အိမ်ထောင်စု (၁၄,၂၂၇)စု၊ ဒုတိယအကြိမ်မြောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စု (၁၁,၀၄၉)တို့အတွက် ငွေကျပ်သိန်း(၁၆၅,၇၃၅,၀၀၀)၊ တတိယအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅,၂၇၆) တို့အတွက် ငွေကျပ်သိန်း(၅ဝ၅,၅၂ဝ,ဝဝဝ)၊ စတုတ္တအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅,၂၇၆)တို့အတွက် ငွေကျပ်သိန်း(၅ဝ၅,၅၂ဝ,ဝဝဝ)နှင့် ပဥ္စမအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅,၂၇၆) တို့အတွက် ငွေကျပ် သိန်း(၅ဝ၅,၅၂ဝ,ဝဝဝ)ကိုထောက်ပံ့ငွေများပေးအပ်ခဲ့ပြီဖြစ်ပြီး ယခု ဆဌမအကြိမ်မြောက်အဖြစ် ယခင်စာရင်းရှိ အိမ်ထောင်စု(၂၅,၂၇၆)နှင့် ထပ်တိုး အိမ်ထောင်စု (၁၈,၂၄၆) စုစုပေါင်းအိမ်ထောင်စု(၄၃,၅၂၂)စု တို့အတွက် ထောက်ပံ့ငွေများကို ထပ်မံ၍ ပေးအပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)