ဒဂုံမြို့နယ်၌  ကိုဗစ်-၁၉ ကာလ အခြေခံ လူတန်းစားအိမ်ထောင်စု(၄၁)စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ လက်ဝယ်အရောက်ပေးအပ်

ဒဂုံ နိုဝင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှစီးပွားရေး ကုစားမှုအနေဖြင့်  စတုတ္ထအကြိမ်  ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၃နာရီခွဲက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူနှင့် ဌာနဆိုင်ရာကော်မတီဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့က အိမ်ထောင်စု တစ်စုချင်း လက်ဝယ်အရောက် ထောက်ပံ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့်  လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၄၀,၀၀၀)နှုန်းဖြင့် ယောမင်းကြီး ရပ်ကွက် အိမ်ထောင်စု(၂၀)စု၊ ဘုရားကြီးရပ်ကွက် အိမ်ထောင်စု(၈)စုနှင့် ပြည်လမ်း အရှေ့ ရပ်ကွက် အိမ်ထောင်စု(၁၃)စုတို့အတွက် ငွေကျပ်စုစုပေါင်း(၁,၆၄၀,၀၀၀)အား အိမ်ထောင်စု တစ်စုစီ အလိုက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)