သန်လျင် နိုဝင်ဘာ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ များအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်သွားရန် ဖြစ်ကြောင်း၊ အောက်ခြေပြည်သူများ ခွဲဝေရာတွင် အဆင်ပြေ စေရေးအတွက် ဌာနဆိုင်ရာ များနှင့် ရပ်မိရပ်ဖများက ကြီးကြပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေးမှာကြားသည်။
ထို့နောက် အခြေခံပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ အိမ်ထောင်စုတစ်စုလျှင် ကျပ် (၄၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၅၈၅၂၆)အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၃၄၁၀၄၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)