နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် အိန္ဒိယ နိုင်ငံအထောက်အပံ့ရန်ပုံငွေဖြင့် လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်နေမှု အား ကွင်းဆင်းစစ်ဆေး

လဟယ် နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွဲ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(ပြည်ထောင်စု)ရန်ပုံငွေနှင့် အိန္ဒိယနိုင်ငံ အထောက်အပံ့ရန်ပုံငွေဖြင့် လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်နေမှုကို ယမန် နေ့က ခေတ္တ နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းနှင့် ရုံးအဖွဲ့ များ က လုပ်ငန်းရှိရာသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

၎င်းလုပ်ငန်းများတွင် ပါတွန်-ရန်နွေး ကြား (၁၀၁/ဝမိုင်အနက်(၄၆/ဝ)မိုင် ဖောက်လုပ်ပြီး ကျန်(၅၅/၂)မိုင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လဟယ်မြို့နယ် ဘက်ခြမ်းခွင့်ပြုငွေ ကျပ်(၁၅၀ ဒသမ ၉၈၉) သန်းဖြင့် ပါတွန်ဘက်(၂၃)ပေ အကျယ်(ရေမြောင်းပါ)မြေသားလမ်း(၃/ဝ)မိုင် ဖောက်လုပ်ခြင်းနှင့်‌ လေရှီးမြို့နယ် ရန်နွေးဘက်ခြမ်းခွင့်ပြုငွေကျပ်(၂၀၁ ဒသမ ၃၁၈) သန်းဖြင့် (၂၃)ပေအကျယ်(ရေမြောင်းအပါ)မြေသားလမ်း(၄/ဝ)မိုင် ဖောက်လုပ်ခြင်းစသည့် လုပ်ငန်းပါဝင်ပြီး လဟယ်-လေရှီး မြို့နယ်ချင်းဆက် လမ်းအရှည်(၂၂၅/၄) မိုင်ရှိကြောင်း သိရသည်။

အဆိုပါလမ်းဖောက်လုပ်ပေးမှုကြောင့် ကျေးရွာပေါင်း(၂၉)ရှိ ကျေးလက်နေပြည်သူအတွက် လမ်းပန်း‌ဆက်သွယ်ရေး ကောင်းမွန်လာတဲ့အပြင် ပညာရေး၊ကျန်းမာရေးကဏ္ဍမှာလည်း များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကျန်ရှိသည့် လမ်းပိုင်းကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများလုပ်ငန်းလျာထားပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတ္တ နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေး ရုံး မှ ဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းထံမှသိရသည်။

ရှားဆက်(ပြန်/ဆက်)