မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ဟင်းသီးဟင်းရွက်များကို မွှားစနစ်ဖြင့် ရေသွင်းစိုက်ပျိုး

ဂန့်ဂေါ နိုဝင်ဘာ ၁၂

ဂန့်ဂေါမြို့နယ်အတွင်း ဟင်းသီးဟင်းရွက်များကို ရေချွေတာသည့် စိုက်ပျိုးနည်းစနစ်ဖြစ်သည့် မွှားစနစ် Sprinkler Irrigation ဖြင့် ရေသွင်း စိုက်ပျိုးလျှက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

ပြောင်းလဲလာသောရာသီဥတုနှင့်အညီ ရေချွေတာသည့် စိုက်ပျိုးနည်းစနစ်များ အသုံးပြုစိုက်ပျိုး လာရန် လိုအပ်လျှက်ရှိရာ ဂန့်ဂေါမြို့နယ်အတွင်း ဇာဟောကျေးရွာ၊ လာပို့ကျေးရွာ၊ တောင်ယာပြင် ကျေးရွာ အပါအဝင် ကျေးရွာအချို့တွင် ဆောင်းရာသီနှင့် နွေရာသီတို့၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ မုန်လာ၊ နံနံ၊ တိုင်လွတ်ပဲ၊ သခွား စသည့် ဟင်းသီးဟင်းရွက်များကို မွှားစနစ် Spinkler Irrigation ဖြင့် ရေချွေတာစိုက်ပျိုးလာလျက်ရှိသည်။ ထို့ပြင် စိုက်ခင်းများအနီး မိုးရေစုကန် များ တူးကာ မိုးရေစုဆောင်း ပြီး မိုးပြတ်ချိန် အကူဖြည့်စွက်ရေပေးသွင်းသည့်စနစ်ကိုလည်း ကျင့်သုံးကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက် ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ ၁၁ ရက်က တောင်ယာပြင်ကျေးရွာရှိ မွှားစနစ်ဖြင့် ရေသွင်းစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများသို့ ကွင်းဆင်းကာ ပိုးမွှားရောဂါ ကျရောက်မှု ကင်းထောက်စစ်ဆေးခြင်း၊ ရေချွေတာသည့် စိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ တောင်သူများနှင့် တွေ့ဆုံကာ ပိုမိုတိုးချဲ့ အသုံးပြုလာရေး ပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တောင်သားမောင်သန်း