ပွင့်ဖြူ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီး(၁) ဦး အား ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ပိုးတွေ့လူနာအမျိုးသမီးမှာ အောက်တိုဘာ(၂၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဉက္ကလာပ မြို့နယ်မှ မိမိအစီအစဉ်ဖြင့် ကားငှား၍ ပြန်လာခဲ့ပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထားရှိသော ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ နိုဝင်ဘာ(၁)ရက်နေ့က မြို့နယ် အတွင်း Facility Quarantine Centre များရှိ အသွားအလာ ကန့်သတ် စောင့်ကြည့်ရသူ (၁၅)ဦး အား Swab နမူနာရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေး ဆိုင်ရာဓာတ်ခွဲမှုဌာန (NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ၎င်းအမျိုးသမီးတည်း ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ခဲ့ရပြီး ကျန်ရှိသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရသူ(၁၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ကြောင်း သိရသည်။ ၎င်း အမျိုးသမီးအား ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပွင့်ဖြူမြို့၊ (အ.ထ.က) ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှုခံယူစေခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါလက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက် ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြား လူနာကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ပြောသည်။
ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူအမျိုးသမီးမှာ ပွင့်ဖြူမြို့နယ် ကနီကျေးရွာ နေသူဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရမည် ဖြစ်ကြောင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ နေထိုင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၂၀)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၆)ဦး ရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသ ဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၄)ဦး ကျန်ရှိနေသေးကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )