ပန်းတောင်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် (၉) အချိန်က အ.ထ.က(ဥသျှစ်ပင်)ကျောင်း၌ အသိပညာပေး ဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ယနေ့လူငယ်များသည် တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှု များပြားလာသည့်အလျောက် အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများ ရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)