ကော့မှူး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်း၊ Women Club အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုကြရန်၊ လူကြီးများမှတဆင့် လူငယ်များသို့ စာဖတ်ခြင်းကိုအချိန်ပေး၍ အလေ့အကျင့် ကောင်းလေးတစ်ခုအနေဖြင့် ပြုလုပ်ပေးသင့်ကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးခင်ဇော်က စာရေးဆရာ အောင်သင်းရေးသားသည့် “လက်ဆင့်ကမ်းခဲ့သော လုပ်အားတန်ဖိုး”စာအုပ်ထဲမှ “ကလေးတွေကို လူရာသွင်းဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးအေးသွင်က “လူငယ်တွေကို ရွှေချပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်ဝင်းမြင့်က “စည်းကမ်းမှသည်တာဝန်သို့” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးခင်ဇော်က စာရေးဆရာ အောင်သင်းရေးသားသည့် “လက် ဆင့်ကမ်းခဲ့သော လုပ်အားတန်ဖိုး” စာအုပ်ထဲမှ “ကလေးတွေကို လူရာသွင်းဖို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မိမိသားသမီးများကို မြှင့်တင်ဆက်ဆံပြီး လူရာသွင်းဖို့လိုအပ်ကြောင်း၊ ကလေးတွေ စိတ်ဓာတ်ကနိမ့်ကျနေပါတယ်၊ လူကြီးလူကောင်းအဖြစ် သဘောထားပြီး ဆက်ဆံပါက လူကြီးလူကောင်းစိတ်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စပါးတွေပျိုးထောင်တာ၊ ငါးတွေမွေးတာထက် မိမိသားသမီးကို ပျိုးထောင်တာက ပို၍ အရေးကြီးကြောင်း၊ ကလေးများသည် အနာဂတ်အတွက် လူကြီးများဖြစ်ကြောင်း၊ ကလေးများအတွက် စာအုပ်စာပေများ ဝယ်ပေးဖတ်သင့်ကြောင်း၊ ကလေးများအတွက် စာကြည့်တိုက်၊ ကစားကွင်းများ ပိုမိုထားရှိသင့်ကြောင်း၊ ကလေးများကို စာအုပ်ပေးဖတ်၍ စာအုပ်စုတ်သွားသည်ထက် နှလုံးသားစုတ်ပဲ့မသွားဖို့ ပေးဖတ်ရတာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ကျော်သူရ(ကော့မှူး)