မင်းဘူးမြို့ မြို့မဈေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းဘူး  မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ဆေးနည်းစနစ် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ မြို့ပေါ်မှာ နေရာအကုန်လုံးကို COVID-19 နဲ့ ပတ်သက်ပြီး လူထုကလည်း သိသင့်သလောက် သိပြီးပါပြီ၊ ဗဟုသုတများလည်း ရရှိပြီးဖြစ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိအချိန်ထိ မတွေ့ရှိသေးပေမဲ့ သတိလက်လွတ်ဖြစ်မသွားဖို့ အသိပညာပေးခြင်း၊ လူစည်ကားသော နေရာတွေမှာ အသိပညာပိုရအောင်၊ အိမ်ပြန်ရောက်လို့ရှိရင် ဖတ်လို့ရအောင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြုလုပ်ပေးခဲ့ပါတယ်၊ COVID-19 နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လူထုအားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်စေဖို့၊ ပြည်သူများအနေဖြင့် အစိုးရိမ်လွန် ကြောက်လန့်နေခြင်း မဖြစ်ကြဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြပါရန်  ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ် ” ဟု  ခရိုင်ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၊ ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်က ပြောပါသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများကို နေရာအသီးသီး၌ ပြည်သူများ သိရှိနိုင်စေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူကို တွေ့ရှိပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဌာနများသို့ အမြန်သတင်းပေးပို့ ကုသမှုခံယူရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)