ဆော ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာခွဲ စံကိုက် ဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ဆွဲကျေးရွာ ရွာဦးကျောင်း ဆရာတော်နှင့် ပင့်သံဃာများ ကြွချီတော်မူခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြား ထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးသစ်အား အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက ကျေးလက်ကျန်းမာရေးဌာနခွဲ ဆိုင်းဘုတ်အား အမွေးနံ့သာများ ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန် က ကျန်းမာရေး အသိပညာပေးဟောပြောပြီး ရောဂါပြလိုသူ ကျေးရွာနေပြည်သူ (၃၀) ဦးအား ကျန်းမာရေး စစ်ဆေးပြီး လိုအပ်သောဆေးဝါးများဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)