ကသာမြို့နယ်၊ သိမ်အင်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ကသာ  ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် သိမ်အင်းကျေးရွာရှိ "ရောင်ခြည်ဦး" စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ‌ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က သိမ်အင်းကျေးရွာ အမှတ် (၇၅) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ယင်းဟောပြောပွဲတွင် ကသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမောင်လေးက ကျေးရွာနေ ပြည်သူများ စာပေဖတ်ရှုချင်စိတ်ဖြစ်ပေါ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာပေဗဟုသုတ အသိဉာဏ်ပညာများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကသာမြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။

ယင်းနောက် ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြမွန်၊ ကသာမြို့နယ် စာရေးဆရာအသင်းဝင်များဖြစ်ကြသော စာရေးဆရာမ ဒေါ်မေကြည်သင်း၊ ဦးစမ်းဦးနှင့် ဦးအောင်နိုင်ထွန်းတို့က ကျေးရွာပြည်သူများ စာပေဖတ်ရှုခြင်းဆိုင်ရာနှင့် အသိပညာဗဟုသုတ ရရှိခြင်း ဆိုင်ရာနှင့် စပ်လျဉ်း၍ အသီးသီးဟောပြောခဲ့ကြပြီး ကသာမြို့နယ် စာရေးဆရာအသင်းမှ ထမင်းချိုင့် (၅) လုံး၊ ဓာတ်ဗူး(၅)လုံး၊ ရေးချိုးခွက် (၁၀) လုံး၊ ဆပ်ပြာခြင်း(၁၀)ခု၊ စတီးလ်ဇလုံ(၁၀)ခုနှင့် ဆပ်ပြာ (၁၂၀) ချောင်း တို့ကို ကျေးရွာပြည်သူ (၁၅၆) ဦးတို့အား ကံစမ်းမဲအစီအစဉ်ဖြင့် မဲဖောက်ပေးခဲ့ကြောင်း၊ ယင်းအသင်းအနေဖြင့် အဆိုပါပွဲများကို ကသာမြို့နယ်ရှိ ကျေးရွာများတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရဲအောင်(ကသာ)