ဓာတုဗေဒဆေးဝါးများ သုံးစွဲမှုလျှော့ချစေရန် နွေစပါးစိုက်ခင်းများ၌ ဥကပ်ပါး နဂျီဥကဒ်များ ချိတ်ဆွဲ

လှည်းကူး ဖေဖော်ဝါရီ ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ပိုက်ကြီးဝဲကျေးရွာအုပ်စု ပိုက်ကြီးဝဲကျေးရွာရှိ နွေစပါးစိုက်ခင်းများတွင် ကျရောက်သော စပါး ဖျက်ပိုးများကို ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ချိတ်ဆွဲ အသုံးပြု ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက နွေစပါးစိုက်ခင်း ကွင်းအမှတ် ၁၀၃၇(က)တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီချိတ်ဆွဲခြင်းဖြင့် " ဓာတုဗေဒဆေးဝါးများ သုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ဖျက်ပိုးများ သီးနှံစိုက်ခင်းကို မဖျက်ဆီးခင် နဂျီများက ဥအဆင့်ကတည်းက နှိမ်နင်းခြင်း၊ အဓိကဖျက်ပိုးများဖြစ်သော ဆစ်ပိုး၊ ရွက်လိပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ ငမြှောင်တောင်ပိုးများ၏ ဥများကို လည်းနှိမ်နင်းခြင်း၊ နဂျီဥကဒ်(၁)တွင် နဂျီကောင်ပေါင်း(၁၀၀၀)ပါဝင်ပြီး စိုက်ခင်း (၁) ဧကလျှင် နဂျီကဒ်ပေါင်း(၄၀)ချိတ်ဆွဲကာ စုစုပေါင်း (၃) ကြိမ် ချိတ်ဆွဲပေးခြင်းဖြင့် မချိတ်ဆွဲခင် (၁)ပတ်နှင့် ချိတ်ဆွဲပြီးနောက်(၁)ပတ်အတွင်း စပါးနှင့်သီးနှံစိုက်ခင်းများကို ဓာတုဗေဒ ပိုးသတ် ဆေးများ ပက်ဖျန်းစရာမလိုဘဲ ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းသွားနိုင်စေရန် ရည်ရွယ်၍ ချိတ်ဆွဲပေးခြင်းဖြစ်ကြောင်း " မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေက ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ဥကပ်ပါးနဂျီအသုံးပြုခြင်းဆိုင်ရာ လက်ကမ်းစောင်များကို အခမဲ့ဝေငှခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေနှင့် ဝန်ထမ်းများက နဂျီဥကဒ်များ ချိတ်ဆွဲပေးခြင်းဖြင့် စပါးဖျက်ပိုးများကို ဓာတုဗေဒဆေးဝါးများ မသုံးစွဲဘဲ နှိမ်နင်း နိုင်ခြင်း၊ တစ်ဧကလျှင် ချိတ်ဆွဲရမည့် ကဒ်အရေအတွက်နှင့် စိုက်ခင်းထဲတွင် လက်တွေ့ချိတ်ဆွဲပုံ ချိတ်ဆွဲနည်းများနှင့်ပတ်သက်၍ တောင်သူများအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောတောင်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် ဦးစီးမှူး ဦးကျော်ရွှေက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

နိုင်လင်း(လှည်းကူး)